သူတို့ရပ်ကွက်သူတို့အကြောင်း (၅)


သူတို့ရပ်ကွက်သူတို့အကြောင်း (၅)

ဦးမောင်ဝမ်းက သူ့မိန်းမ၏ နှုတ်ကြမ်းအာကြမ်းသောစရိုက်ကို လက်ရည်တူမိအောင် မလိုက်နိုင်သော်လည်း (ချက်အရက်က လေးတစ်ပိုင်းလောက်မျိုထားပြီးလျှင်တော့) သူလည်းခေသူမဟုတ် ကြောင်း အစွမ်းအစလေးပြတတ်သည်။
မူးလာလျှင် ရပ်ကွက်ထဲမှာ ဟိုလူနဲ့ရန်ဖြစ်ချင်သလိုလို ဒီလူ့ကိုစိန်ခေါ်ချင်သလိုလို။ တကယ်တော့ ဦးမောင်ဝမ်း၏ ရောဂါက သူ့ကိုယ်သူ လူမိုက်ဘွဲ့တပ်ြ့ပီး အခေါ်ခံချင်နေခြင်းပင် ဖြစ်၏။
အဲသည်အချိန်ကာလတုန်းကလည်း ကျွန်တော်တို့နေထိုင်သော ရပ်ကွက်ကလေးသည် နည်းနည်းတောဆန်သော စရိုက် မပျောက်သေးသောကြောင့် ဘာအစွမ်းအစမှ မရှိသော ယောက်ျားဖျင်းတစ်ချို့ က ‘ လူမိုက်’ ဖြစ်ရခြင်းကို ဂုဏ်ရှိသလိုလို ဘာလိုလို တလွဲဆံပင်ကောင်းအထင်ခံချင်ကြ၏။
အဲဒီလိုအထင်ခံချင်သည့် လူတွေထဲတွင် ဦးမောင်ဝမ်းလည်းပါသည်။ တကယ်လည်း မမိုက်ရဲသောကြောင့် အရက်ကလေး တစ်ငုံနှစ်ငုံ မျိုပြီးမှ မိုက်ဇာတ်ခင်းပြရသည်က သူ့အတွက်အလုပ်ကြီး အကိုင်ကြီး တစ်ခုဖြစ်၏။
ဟုတ်မဟုတ်တော့မသိ၊ သူငယ်ငယ်တုန်းက ‘ ဗန်တို’ သိုင်းပညာသင်ဖူးသည်ဆိုပြီး ရပ်ကွက်ထဲတွင် အသားလွတ် လျှောက်ကြွားသည်။ အဲဒီခေတ်က ရုပ်ရှင်မင်းသား အကယ်ဒမီညွှန့်ဝင်း၏ ‘ဗန်တိုလူလေးနှင့်သူဇာ’ ရုပ်ရှင်ဇာတ်ကားကလည်း အရမ်း ‘ ပေါက် ’ နေသည့်အချိန် . . . ။
ဦးမောင်ဝမ်းတစ်ယောက် သူ့နံမည်ရှေ့တွင် ‘ ဗန်တို ’ တပ်ပြီး အခေါ်ခံချင်စိတ်တွေက ထိမ်းမရသိမ်းမရ ဖြစ်လာ၏။ သူဗန်တို သင်ဖူးကြောင်း အိမ်ပေါက်စေ့လည်ပြီး ထပ်ခါတလဲလဲ စောင်းပါးရိပ်ချည် ပြောသော်လည်း ရပ်ကွက်ထဲမှ လူတွေက သူ့ကို ‘ ဗန်တိုမောင်ဝမ်း ’ ဟုပြောင်းခေါ်ပေးဖို့ အလိုက်တသိ နားမလည်ကြ၊ အထာမပေါက်ကြ။
နောက်ဆုံးတော့ ဦးမောင်ဝမ်းတစ်ယောက် သူ့ဖာသာသူပင် အကြံအဖန်လုပ်ရတော့သည်။ ရပ်ကွက်ထဲမှ ကလေးများကို တိုးတိုးတိတ်တိတ် ကြိတ်ပြီး စည်းရုံးသည်။
“ မင်းတို့ မုန့်ဖိုးဆယ်ပြား မလိုချင်ကြဘူးလား ”
“ လိုချင်တာပေါ့ . .. ဦးလေးရဲ့ ”
အဲဒီခေတ်တုန်းက ဆယ်ပြားဆိုသည်မှာ ကလေးတစ်ယောက် အတွက် သကြားလုံး၊ ဆီးထုပ်၊ စာကလေးခွေလိုမျိုး မုန့်တစ်ခုခု ၀ယ်စားနိုင်လောက်သည်။
ထို့ကြောင့် ဦးမောင်ဝမ်းက ကလေးပရိသတ်ကို ဆယ်ပြားဖြင့်စတင် ဆွဲဆောင်ဖြင်းဖြစ်၏။ ဒီအတိုင်းဆိုတော့ သူ့နာမည် တန်ဖိုး သည် ကြမ်းခင်းဈေး ဆယ်ပြား တန်သည် ဟုပင်ပြောရမလိုဖြစ်နေသည်။
ဦးမောင်ဝမ်း ကတော့ ရဲရင့်ပြတ်သား စွာဖြင့်ပင်
“ ဒါဆို . . .မင်းတို့ ငါ့နာမည်ကို ‘ ဗန်တိုမောင်ဝမ်း ’ လို့ခေါ်ရမယ်။ ခေါ်တဲ့သူကို မုန့်ဖိုးဆယ်ပြားပေးမယ် ”
“ ခေါ်မယ် . . .ခေါ်မယ် . . . ”
ရပ်ကွက်ထဲရှိကလေးထုကြီးက တစ်ညီ တစ်ညွတ်တည်း ဆုံးဖြတ်ချက်ချလိုက်ကြ၏။
သို့သော် . . .
ခက်နေသည်က . . . ကလေးတွေအဖို့ ‘ ဗန်တို’ ဟူသော ဝေါဟာရက နားစိမ်းနေသည်။ သိပ်မခေါ်တတ်။ ပြီးတော့ . . .ဗန်တိုဆိုသည်မှာ သိုင်းပညာရပ် တစ်ခု၏ အမည်ဖြစ်သည်ဆိုခြင်းကို လည်း ဒီလို ဘုစုခရုလေးတွေအဖို့ အဘယ်မှာ နားလည်ပါမည်နည်း။
သူတို့အဖို့တော့ မုန့်ဖိုးဆယ်ပြားသာလျှင် အဓိက . . .။
ဒီတော့ သူတို့ခေါ်တတ်သလိုသာ ခေါ်ကြသည်။
. . . ‘ ဗုံတိုမောင်ဝမ်း ’ တဲ့။

လွဲတော့ အတော်လွဲသည်။ ရပ်ကွက်ထဲက လူတွေကလည်း ကလေးတွေခေါ်သလို ဘုမသိ ဘမသိ လိုက်ခေါ်ရာမှ ဦးမောင်ဝမ်းတစ်ယောက် ‘ ဗန်တိုမောင်ဝမ်း ’ ဟူသော နာမည်တွင်သွားတော့သည်။
ရပ်ကွက်ထဲသို့ အသစ်ပြောင်းလာကြသာများကလည်း
“ သြော် . . .ဒီလူကြီးဟာ တစ်ခ်ျိန်တစ်ခါတုန်းက ဆိုင်းဝိုင်းတွေ ဒိုးပတ်တွေမှာ ဗုံတို တီးတဲ့လူမို့လို့ထင်ပါရဲ့လေ၊ ဂီတ သမားကြီးပဲကိုး ” . . .ဟုအောက်မေ့သွားကြ၏။
ဦးမောင်ဝမ်းတစ်ယောက် ခွကျလေပြီ။
လူမိုက်ဆန်အောင် နာမည်ပေးကာမှ ‘ ဗုံတီးသည့်လူ ’ ဟုအထင်ခံလေတော့သည်ကိုး။ နာမည်ကလည်း ‘ တွင်’ ပြီးသွားပြီ။ ဘာမှလုပ်မရတော့။
ဒီကြားထဲ အဲသည် နာမည်ကို သူမကြိုက်မှန်းသိသောကြောင့် ကျွန်တော်တို့ အဖွဲ့ကလည်း တမင်တကာ စကားမစပ်စပ် အောင် ရှာကြံပြီး အစဖေါ်ပေးတတ်သည်။
တစ်ချို့သော ညနေရီဝေချိန်များတွင် ဦးမောင်ဝမ်းတစ်ယောက် ခပ်ထွေထွေနှင့်လမ်းပေါ်ယိုင်ထိုးလျှောက်ရင်း
“ ဟေ့ . . . ဘယ်ကောင်မှဂရုမစိုက်ဘူးကွ၊ မင်းတို့ထက်မိုက်လို့သောက်တာ၊ မကျေနပ်တဲ့ကောင်ရှိရင် ထွက်ခဲ့စမ်းကွာ ”
ဘာညာနှင့်ဝုန်းဒိုင်း ကြဲနေပြီဆိုလျှင် ကျွန်တော်တို့က သူ့ကိုချော့သလိုလို ထိန်းသလိုလိုနှင့် . . .
“ သည်းခံပါ . . .ဦးမောင်ဝမ်းရယ်၊ ရပ်ကွက်ထဲက လူတွေနဲ့ဖက်ပြီး ရန်မဖြစ်ချင်စမ်းပါနဲ့။ ကိုယ်က နာမည်တစ်လုံးနဲ့နေတဲ့ သူမဟုတ်လား။ နှယ်နှယ်ရရမှမဟုတ်တာဗျာ . . . ဗုံတိုမောင်ဝမ်းဆိုတာ . . .”
သူစိတ်ကသိကအောက်ဖြစ်စရာ နာမည်ကြီးကို သတိမရရအောင် ကျွန်တော်တို့က အစဖေါ်ပေးကြသည်။
အဲဒီအခါမျိုးကျလျှင် ကျွန်တော်တို့ကို သူသိပ်မကြည်။ မျက်ထောင့်နီကြီးဖြင့် ကြည့်တတ်၏။ ကျွန်တော်တို့ကို သူပြဿနာရှာချင်မှန်းလည်း ကျွန်တော်တို့ ကရိပ်မိကြသည်။ ထို့ကြောင့် ကျွန်တော်တို့ကလည်း မထိတထိ ဖြစ်သည်ဆိုရရုံ ကလေး နောက်ကြပြောင်ကြ၏။
အဲသည်လောက် သတိထားနေသည့်ကြားကမှ ကျွန်တော်တို့၏ ထုံပေပေကြောင်တောင်တောင်ဇာတ်လိုက် ကလေး မောင်စိန်မြင့်နှင့် ဦးမောင်ဝမ်းတို့ အရှုပ်အရှုပ်ချင်းငြိကြလေတော့သည်။

တစ်နေ့ . . . ဦးမောင်ဝမ်းတစ်ယောက် သူ့အိမ်ရှေ့လမ်းမပေါ်တွင် ထန်းပလပ် ပက်လက်ကုလားထိုင် တစ်လုံးချကာ ထိုင်ရင်း သူ၏ ရင်နှစ်သည်းချာ မျောက်လောင်းကလေးများကို မုန့်ဖိုးပေးကာ ဆံပင်ဖြူနုတ်ခိုင်းသည်။
ကလေးတွေက တစ်ဖက်အိမ်မှ ဒေါ်ဟာစီးနား၏ သားသမီးများနှင့်အပြိုင်ဆော့နေရချိန် ဖြစ်သောကြောင့် သူတို့၏ ကျေးဇူးရှင် မွေးသဖခင်အိုကြီး၏ ဆံပင်ဖြူရှင်းလင်းရေးကို လုံးဝစိတ်မ၀င်စား။
ဆံပင်အမည်းတွေကိုပါ နှုတ်သည့်အခါနှုတ်သည်။ ရံဖန်ရံခါ မှာလည်း သုံးလေးပင်ပူးကယ ‘ ဗြုတ် ’ ခနဲမြည်အောင် ဆော့ဆွဲ ကြ၏။ ဦးမောင်ဝမ်းခမျာမှာတော့
“ အားလားလား . .၊ အား . . .၊ သေပါပြီ . . .”
“ ဗြုတ် . . .”
“ အောင်မလေး . . .ဖြေးဖြေးလုပ်ပါဟ ”
“ ဗြုတ် . . . ”
“ အား . . .ကျွတ် . . .ကျွတ် . . .ကျွတ် ”
ဆံပင်တွေကို အဆုပ်လိုက် အဆုပ်လိုက် ဆွဲဆောင့်နှုတ်ယူခြင်းကိုခံနေရသော လူမိုက်ကြီးခမျာ မျက်ရည်များပင် ပိုးပိုးပေါက်ပေါက် ကျရှာသည်။
ဒီဘက်မှလှမ်းမြင်နေရသော ကျွန်တော်တို့၏ ပန်းချီဆရာက
“ မိဘမျက်ရည် တစ်စက် သားသမီးဆင်းရဲတစ်သက် ဆိုတဲ့ စကားမှန်ရင်တော့ ဒုက္ခပါပဲကွာ။ ဦးမောင်ဝမ်းရဲ့ သားသမီး တွေနေစရာတောင်ရှိတော့မှာမဟုတ်ဘူး ”
“ ဟင် . . ဘာဖြစ်လို့လဲ ”
“ ဟိုမှာ မတွေ့ဘူးလား။ သားတွေသမီးတွေ က ဆံပင်ဝိုင်းနှုတ်လို့ ဦမောင်ဝမ်းကြီး မျက်ရည်ပေါက်ပေါက်ကျနေတာ . . .”
သူ့စကားကြောင့် ကျွန်တော်ပြုံးရုံသာပြုံးလိုက်မိသော်လည်း မလည်မ၀ယ်နှင့်လျှာရှည်သည့်နေရာတွင် ဘ၀ပေါင်းများစွာ အထုံ ပါရမီ ဖြည့်ဆည်းခဲ့သည့်မောင်စိန်မြင့် ကား ဘောက်ဆတ်ဘောက်ဆတ်နှင့် ဦးမောင်ဝမ်းဆီသို့ သွားကာ . . .
“ ဦးလေး . . .ဆံပင်ဖြူနှုတ်ချင်လို့လား ”
“ အီး ကွ ”
အင်းကွ . . .ဟုပြောချင်ပုံရသော်လည်း ဦးရေပြားထက်မှ နာကျင်သည့်ဝေဒနာကို အံကြိတ်၍ ခံနေရသောကြောင့် မပီမသနှင့် ညည်းသံတစ်ဝက် ရောကာ ‘ အီး ကွ ’ ဟုသာ ပြန်ဖြေနိုင်ရှာ၏။
မောင်စိန်မြင့်က . .
“ ဟိုဖက်က (၅) လမ်းထိပ်မှာ ဆံပင်ဖြူနှုတ်ပေးတဲ့ဆိုင်ရှိတယ် . . .ဦးလေး၊ ခြံဝမှာ ဆံဖြူသန့်ပေးသည်’ ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတယ် ”
“ ဟေ . . .ဟုတ်လား၊ ကျေးဇူးပဲကွာ ”
ဒုက္ခဆင်းရဲတွင်းမှ လွတ်မြောက်ရာ အမတဘုံကို ညွှန်ပြခြင်းခံရဘိ သကဲ့သို့ ဦးမောင်ဝမ်းတစ်ယောက် ငေါက်ကနဲ ထ၏။
ဗိုလ်တထောင် ဘိုးဘိုးကြီး နတ်ရုပ်ကဲ့သို့ လက်ညိုးထိုးပြထားသော မောင်စိန်မြင့်၏ စေညွှန်ရာဆီ တဟုန်ထိုး သုတ်ချေတင် လေတော့သည်။

(၅) လမ်းထိပ်သို့ရောက်သောအခါ ခြံဝတွင်ချိတ်ထားသော ဆိုင်းဘုတ်ကို တစ်ချက်မျှ ဖျတ်ခနဲ ကြည့်လိုက်ပြီး ရင်ကော့ကာ ကြွားကြွားရွးရွား ၀င်လိုက်သည်။
လူမိုက်ဟန်မပေါကပေါက်အောင် မျက်နှာကြောကိုလည်း တင်ထားရသေး၏။
အိမ်ရှင်ကတော့ သူ့ခြံဝင်းထဲသို့ မပြောမဆိုနှင့်စွတ်ခနဲဝင်လာပြီး နှုတ်ခမ်းကြီးမဲ့ကာ ရွဲ့တွန့်လိမ်ကာ ရင်တကော့ကော့ ခါးတထောက်ထောက် လုပ်နေသည့် ဦးမောင်ဝမ်းကုတအံ့တသြ ကြည့်နေသည်။
ညနေဘက်ဆိုလျှင် အရက်မူးပြီး ရမ်းကားဆဲဆို နေလေ့ရှိသော ဦးမောင်ဝမ်းအကြောင်းကို လည်းသိနေသော ကြောင့်
“ ဒီကနေ့တော့ စောစောစီးစီး များမူးလာသလား ”
ဟုတွေးကာ ရွံ့တွန့်တွန့် ဖြစ်နေ၏။
ဦးမောင်ဝမ်းကတော့ မ၀ံ့မရဲ ဟန်ဖြစ်နေသည့် အိမ်ရှင်ကိုကြည့်ကာ
“ ဒီကောင်ကတော့ ငါ့ကို လူမိုက်မှန်းသိလို့ ကြောက်နေရှာပြီ ”
ဆိုသည့်အတွေးဖြင့် အကျေနပ်ကြီးကျေနပ်သွား၏။ . . .ကြုံတုန်း ငါ့ရဲ့ မိုက်ဂုဏ်ပြလိုက်အုံးမှပဲ . . ဟု တွေးကာ အနီးအနား တွင်တွေ့ရသော ခွေးခြေထိုင်ခုံပုလေးတစ်လုံး ပေါ်ဝန်းခနဲ ပစ်ထိုင်ချလိုက်ရင်း
“ ဟေ့ကောင် . . .ငါ့ကိုဆံပင်ဖြူနှုတ်ပေးစမ်း ”
ဦးမောင်ဝမ်းက လေသံမာမာဖြင့် ဟောက်လိုက်ရာ အိမ်ရှင်ဖြစ်သူမှာ အူကြောင်ကြောင်ဖြင့် ပါးစပ်အဟောင်းသားပွင့်သွား၏။ ပြီးမှ . . .အထစ်ထစ်အငေါ့ငေါ့ဖြင့်
“ ကျွန်တော် . . . ကျွန်တော် . . . မအားသေးပါဘူး ဦးလေးရယ်”
“ ဘာကွ . . .”
လူမိုက်ကြီးဦးမောင်ဝမ်းကား သူ့သြဇာကို အပွန်းပဲ့ခံလိုသူမဟုတ်။ သူခိုင်းတာကို တစ်သွေမတိမ်း ခေါင်းညိတ်မှ ကြိုက်သူပင်၊ သူက တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်ပြီး
“ တောက် . . .ဟေ့ကောင်၊ ဗန်တိုမောင်ဝမ်းဆိုတာမင်းမကြားဖူးဘူးလား။ အားတာတွေ မအားတာတွေ ဆင်ခြေပေးမနေနဲ့၊ မင်းကို အလကားခိုင်းတာမဟုတ်ဘူး။ ပိုက်ဆံပေးမှာကွ။ ငါက လူမိုက်ပေမယ့် မတရားမလုပ်ဘူး .. .နားလည်လား”
“ ဒါ . . . ဒါပေမယ့် ကျွန်တော်က ဆံပင်ဖြူ မနှုတ်တတ်ဘူးခင်ဗျ ”
“ အောင်မာ . . .”
ဦးမောင်ဝမ်းက သူ့လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ကာရွယ်လိုက်ရင်း
“တယ်လေ . . ငါ . . လုပ်လိုက်ရ။ ဟင်း . . လက်ပါမိရင် မင်းတော့ နာတော့မယ်နော်။ ဆံပင်ဖြူမနှုတ်တတ်ဘဲနဲ့ အိမ်ရှေ့မှာ ဘာဖြစ်လို့ ‘ဆံဖြူသန့်ပေးသည်’ ဆိုတဲ့ ဆိုင်းဘုတ်ချိတ်နေတာလဲ”
သူ့စကားကြောင့် အိမ်ရှင်၏မျက်နှာက စပ်ဖြဲဖြဲဖြစ်သွားပြီး . . . .
“မဟုတ်ပါဘူး . . ဦးလေးရဲ့ ။ သေသေချာချာဖတ်ကြည့်ပါဦး . . ‘ဆန်ဖြူသန့်ပေးသည်’ လို့ ရေးထားတာပါ။ သမ၀ါယမက ပေးတဲ့ ဆန်တွေညိုညစ်ညစ် ဖြစ်နေရင် ဖြူသွားအောင် ဆန်ဖွပ်ပေးတာပါ။ ဆံပင်ဖြူနှုတ်တာမဟုတ်ပါဘူး”
“ဟေ . . . .”
လူမိုက်ကြီး ဦးမောင်ဝမ်းတစ်ယောက် မျက်စေ့ကလေး ကလယ်ကလယ်ဖြစ်သွား၏။ သွားပြီ . . . သွားပြီ . . ၊ ငါတော့ ငပေါဖြစ် ပြီ . . ဟု စိတ်ထဲက ကျိတ်၍ ရေရွတ်သည်။
မိုက်ဂုဏ်ပြပြီး စောစောက ဟိန်းခဲ့ဟောက်ခဲ့ လက်သီးကြိမ်းကြိမ်းခဲ့သမျှ အခုတော့ မျက်နှာ ဘယ်လိုထားရမည်မှန်း မသိဘဲ အူကြောင်ကြောင်ဖြင့် ခိုးလုခုလုဖြစ်ကာ ကုပ်ကုပ်ကလေးပြန်လာခဲ့ရ၏။
“ခွေးမသားလေး၊ ငါ့ကို ချောက်တွန်းတယ်။ ဘယ်မလဲ . . စိန်မြင့်၊ ထွက်ခဲ့စမ်း”
လမ်းထဲကလူတွေက
“ဦးမောင်ဝမ်းကလည်းဗျာ၊ ကိုယ့်တူကိုယ့်သားအရွယ်လေးကို . .။ ပြီးတော့ စိန်မြင့်က အစတည်းက သူဖာသာသူတောင် အူကြောင်ကြောင်ဥစ္စာ”
အားလုံးက စိတ်ကျေနပ်အောင် ၀ိုင်းချော့ကြသလို ကျွန်တော်တို့အဖွဲ့ကလည်း လူအုပ်စုတောင့်သဖြင့် သိပ်မရမ်းရဲ။ ဒါတောင် မှ . . မောင်စိန်မြင့်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
“မင်း . . တစ်နေ့ တွေ့မယ်”
ဟု ကြိမ်းဝါးသွားသေးသည်။
ဗုံတိုမောင်ဝမ်း ကြိမ်းဝါးသွားသော “တစ်နေ့ . .” သည်ကား ဖြစ်ချင်တော့ ကျွန်တော်တို့ ရပ်ကွက်ထဲတွင် တန်ဆောင်တိုင် အရပ် ပြဇာတ်ကသည့်အချိန်တွင်မှ တိုက်တိုက်ဆိုင်ဆိုင် ကြုံရလေတော့သည်။
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်

သူတို့ရပ်ကွက် သူုတို့အကြောင်း(၁)


သူတို့ရပ်ကွက် သူုတို့အကြောင်း(၁)

ဒီ ရပ်ကွက်လေးထဲသို့ ကျွန်တော်တို့ လူစု ပြောင်းလာခဲ့မိခြင်းသည် ဘုရားပွဲဈေးတန်းထဲတွက် ဆိုင်ခန်းတစ်ခန်းနေရာယူပြီး နတ်ကနားဝင် ကသလိုမျိုး ဖြစ်နေ၏။ ကျွန်တော်တို့အဖွဲ့ကလည်း နဂိုကတည်းကမှ ကိုးယိုးကားယား ဗြုတ်စဗြင်းတောင်း၊ရပ်ကွက်ကလေးကလည်း တိုလီမုတ်စ ရှုပ်ပွပွ။
မည်သူက သာသည်။ မည်သူက နာသည်ဟုတော့ ပြော၍ရမည်မထင်။ အဲ…… တစ်ခုတော့ရှိ၏။ ရပ်ကွက်ကလေးက အစကတည်းက သူ့ လွဲ ချော်မှုများနှင့် သူ နေသားတကျတည့်မတ်ပြီးသား။
ကျွန်တော်တို့ ရောက်လာသောအခါတွင်မှ (အရယ်သန်ကြသူများပီပီ) မြင်မြင်သမျှကို အချင်းချင်းလက်တို့ပြီး ဟားကြသောအခါ ရပ်ကွက်သူ ရပ်ကွက်သားများအဖို့ ကသိကအောက်ဖြစ်ကြရလေတော့သည်။
ကျွန်တော်တို့ အဖွဲ့မှာလည်း လူကခပ်စုံစုံဖြစ်သည်။ စာရေးဆရာပါသည်။ ဇာတ်ညွှန်းရေးဆရာပါသည်။ ဗီဒီယိုရိုက်သည့်ငနဲတစ်ယောက် လည်းပါသည်။ ဂစ်တာတဒေါင်ဒေါင်ခေါက်သူလည်းပါသလို သရုပ်ဆောင်မင်းသားဖြစ်ချင်သည့် ငတိလည်းပါသည်။ မဂဇင်းတွေမှာ သရုပ်ဖော်ပုံ ဆွဲ သော ပန်းချီဆရာတစ်ယောက်လည်းပါသည်။
ကိုင်း…….. ဘာများလိုသေးသနည်း။
သြော်……… မေ့လို့။ ကျွန်တော်တို့အဖွဲ့ထဲတွင် မြင်မြင်ကရာကို လိုက်ပြီး နက်နက်နဲနဲတွေးခေါ်စဉ်းစားတတ်သည့် အူတူတူငနဲတစ် ကောင်လည်းပါသေးသည်။ သူ၏ တွေးခေါ်ပုံများကလည်း မေရုမြင့်မိုနှင့်သရဘန်တောင်စဉ်ခုနှစ်ထပ်ကြားမှ ရှာဖွေခဲ့ပြီးသည့်နောက် အကြိမ်ပေါင်း တစ်ထောင်တိတိ အဖန်ဖန်အလဲလဲလှော်ကာသန့်စင်ပြီးမှ ရအပ်သော သိင်္ဂဒိုက်ရွှေစင်ကဲ့သို့ ခက်ခဲနက်နဲအဘိုးထိုက်လှ၏။
ဥပမာ…… (ရေနံဆီကို ဘယ်ကနေ ထုတ်လုပ်ရယူတာလဲ)…… ဆိုသည်ကို တစ်ပါတ်ဆယ်ရက်လောက်ကြာအောင် ထိုင်စဉ်းစားခြင်းမျိုး…။
“ငါ သိပြီကွ………ငါသိပြီဟေ့”
ဘေးမှ ကျွန်တော်တို့ အားလုံးက သူ့ အလန်တကြား အော်သံဟစ်သံကြောင့် ပျာပျာသလဲ ဖြင့်ဝိုင်းမေးရ၏။
“ဘာကိုလဲဟင်…….. ဘာသိတာလဲ”
“ရေနံဆီကို ဘယ်ကနေပြီးတော့ ထုတ်သလဲဆိုတာ ငါစဉ်းစားနေတာကွ”
“ဟေ…..”
ကျွန်တော်တို့ အားလုံးပါးစပ်အဟောင်းသား….။ သူ့ကတော့ တကယ့်ပညာရှိကြီးတစ်ယောက်ရဲ့အိုက်တင်မျိုးဖြင့် မေးစေ့ကိုပွတ်၊ခေါင်းတ ဆတ်ဆတ်ညိတ်ရင်း……
“အခုတော့ ငါသိပြီ။ လက်စသတ်တော့…….. (ရေနံဆီ)ဆိုတော့ (ရေနံ)ကနေ ဖြစ်လာတာကိုး ……… ကွ”
ကျွန်တော်က အမြင်ကတ်ကတ်ဖြင့်
“ဒါဆို…….. (ဓါတ်ဆီ)ကကော ဘယ်ကနေဖြစ်တာလဲကွ”
ကျွန်တော့်မေးခွန်းကြောင့်ငနဲသားကတွေတွေဝေေ၀ဖြစ်သွား၏။ အတော်ကြာအောင် စဉ်းစားနေပြီးမှ သူ့မျက်နှာက ၀င်းခနဲလက်သွားပြီး
“ဒါများ… လွယ်လွယ်လေး၊(ရေနံဆီ)ဟာ (ရေနံ)ကနေဖြစ်တာဆိုတော့….. မဟုတ်မှလွဲရော
(ဓါတ်ဆီ) ဟာ (ဓါတ်)ကနေဖြစ်တာထင်တယ်”
ကျွန်တော်က……..
“မှားတယ်”
“ဟင်………”
ငနဲသား မျက်လုံးအ၀ိုင်းသားဖြစ်သွားမှ ကျွန်တော်က ခပ်ပိုင်ပိုင်လေသံဖြင့်
(မင်း မသေမချင်းမှတ်ထား။ ဓါတ်ဆီဆိုတာ (ဓါတ်စံ)ကနေဖြစ်တာကွ)
“သြော်…….”
ငနဲသားခမျာ မျောက်အိုကြီး မျက်စဉ်းခပ်ခံရသလို မျက်လုံးကလေး ပေကလပ်ပေကလပ် လုပ်ရင်း ငိုင်ကျသွား၏။ (ဓါတ်ဆီ-ဓါတ်စံ)ဆိုသည့် ရှေးခေတ်လူရွှင်တော်နာမည်များကို ကြားဖူးထားလျက်သားနှင့်”ဒီလောက်လေးတောင်မှ ငါမစဉ်းစားမိရကောင်းလား”…. ဟုလည်း သူ့ကိုယ်သူ မချင့်မရဲဖြစ်နေပုံရသ့ည်။
တိုတိုပြောရလျှင်……. ဒီကောင်လိုလူမျိုးနှင့်ဒီရပ်ကွက်ထဲက လူတွေဆုံမှ ဆုံစည်းတတ်ကြပလေတယ်…. ဟု ကံကြမ္မာကိုအပြစ်တင်ရန် သာရှိတော့သည်။
ကျွန်တော်တို့၏တွေးခေါ်ပညာရှင်နှင့် ဒီရပ်ကွက်ထဲတွင် ပထမဦးဆုံးစပြီး ပတ်သက်ဆက်ဆံသူမှာ…… ဒေါ်လှလှ။
အရှုပ်ထုပ်တွေကို ကြံကြံဖန်ဖန် ရှာရှာဖွေဖွေသယ်လာတတ်သော၊ကောက်ရိုးပွေ့တတ်သော အဲသည်မိန်းမကြီးက စကားပြောလျှင် သူမ ကိုယ်သူမ “အလှကလေ…..အလှကလေ”ဟု နာမ်စားသုံးတတ်၏။
“ကျွန်တော်၏ လုံးချင်းဝတ္ထုတစ်အုပ်ထဲတွင် ၀င်းဦး၏သီချင်းစာသားတစ်ပိုင်းတစ်စကိုသုံး၍ “ကိုယ့်ဌာနေ၀န်းကျင်မှာကွယ်…..တကယ်ကို အလှရှိတယ်” ဟု ရေးကာ ကလိခဲ့ဖူးသည်မှာ ထိုင်မှိုင်းကြီးပင်ဖြစ်သည်”
မှန်သည်။
ကျွန်တော်တို့၏ ဌာနေ၀န်းကျင်တွင် တကယ်ကို (အလှ)ရှိပါသည်။ ပြဿနာက ထို(အလှ)ဆိုသော ဒေါ်လှလှသည် အားအားယားယားရှိ တိုင်း ဟိုအိမ်သွားလည်လိုက် ဒီအိမ်သွားလည်လိုက်နှင့် (ရှုပ်)တတ် (ဖွ) တတ်ခြင်းဖြစ်၏။
သူများကို ဒုက္ခရောက်အောင်တမင်လုပ်သည်တော့ဟုတ်ပုံမရ။ လူမှုရေး အထူအပါး နားမလည်သောကြောင့်သာဖြစ်သည်။ ဒီကြားထဲ ထင်ရာ မြင်ရာတွေကို ရွပ်ရွပ်ချွံချွံ ထထပြီးပြောတတ်လုပ်တတ်လွန်းသည်ကတစ်မှောက်။
ကျွန်တော်တို့ စပြီးပြောင်းလာကာစမှာပင် စပ်စပ်စုစုလုပ်ရင်း အဲဒီ (အန်တီလှ) တစ်ယောက် ကျွန်တော်တို့ အိမ်ကို … မကြာခဏလာလာ သည်။ အဲသည်တုန်းက ကျွန်တော်အိမ်မှာအလှမွေးထားသော (ဖလားဝါးဟွန်း) ရွှေငါးလေးကို ကြည့်ကြည့်ပြီး
“ဟယ်…. ချစ်စရာကောင်းလိုက်တာ”
ဟုတဖွဖွပြော၏။
သိပ်တော့ မကြာလိုက်။ လျှပ်စစ်မီးကပြတ်၊အောက်စီဂျင်ကမရသောကြောင့် ရွှေငါးကသေသွား၏။
အန်တီလှက ကျွန်တော်တို့ အိမ်ကိုလာလည်ရင်း မှန်ရေကန်ထဲတွင် ငါးကိုမတွေ့ရသောကြောင့် ထုံးစံအတိုင်း စပ်စုရာ ကျွန်တော်က
“ရွှေငါးလေးက သေသွားပြီ…. အန်တီလှရဲ့”
အန်တီလှ၏ မျက်နှာက ချက်ချင်းပင်ကြေကြေကွဲကွဲဖြစ်သွားပြီး
“အို….. ကျွတ်ကျွတ်၊ဖြစ်မှဖြစ်ရလေကွယ်။ သနားစရာကောင်းလိုက်တာနော်။
သူ့ခမျာကံဆိုးရှာတယ်ကွယ်”
သို့သော်…. တစ်ဆက်တည်းလိုလို အန်တီလှ၏ မျက်လုံးအစုံက ဖျတ်ခနဲ တောက်ပသွားပြီး နှုတ်ခမ်းကိုလျှာဖြင့်သိမ်းလျက်လိုက်သည့် လေသံဖြင့်
“ဒါနဲ့….. မင်းတို့ အဲဒီငါးကလေးကို ချက်မစားကြဘူးလားဟင်”
“သနားလှချည်ရဲ့”ဆိုသော ငါးလေးကို ချက်စားချင်သည့် စိတ်ဓါတ်တက်ကြွမှုက အန်တီလှ၏ သွားရည်တမြားမြားလေသံထဲတွင် အထင်း သား။
ဘယ့်နှယ်မိန်းမကြီးပါလိမ့်… ဟု ကျွန်တော် နားလည်ရခက်စွာဖြင့် ခေါင်းကုတ်မိသည်။ အဲသည်အကြောင်း ပန်းချီဆရာကို ကျွန်တော်က ပြန်ပြောပြမိတော့ ပန်းချီဆရာက
“ဖြစ်နိုင်တယ်ကွ။ ငါတို့ ဒီကိုပြောင်းလာကာစက အန်တီလှတို့ အိမ်မှာ ကြက်တူရွေးလေးတစ်ကောင်ကို ချစ်လှချည့်ရဲ့ဆိုပြီး မွေးထားတာ တွေ့တယ်ကွ။ ခုနောက်ပိုင်းမတွေ့ရတော့ဘူး။ ကြည့်ရတာ…… ကြက်တူရွေးလေးလည်း ဟင်းအိုးထဲရောက်သွားပြီနဲ့တူတယ်”
အန်တီလှ၏အချစ်က တစ်မျိုးကြီးဖြစ်ပုံရ၏။
* * * * *

ကျွန်တော်တို့ ခြေရင်းအိမ်က ဖယောင်းတိုင်လုပ်ငန်းလုပ်သောအိမ်ဖြစ်၏။ ကျွန်တော်တို့အဖွဲ့က သူတို့အိမ်မှလုပ်သော ဖယောင်းတိုင်ကို (လင်းယုန်)တံဆိပ် ဖယောင်းတိုင်ဟု နာမည်ပေးထားကြသည်။
အိမ်တွင်းမှုတစ်နိုင်တစ်ပိုင်လုပ်သော ဖယောင်းတိုင်ဖြစ်သောကြောင့် ဖယောင်းသားကညံ့ရသည့်အထဲ လေခိုပြီး ပွစိစိနှင့် နောက်ပြီး ….. မီးစာလုပ်သည့်ချည်ကြိုးကလည်း ဖွာလန်ကြဲ။ သူတို့ ဖယောင်းတိုင်ကိုထွန်းညှိလိုက်လျှင် တဖျစ်ဖျစ်မြည်ပြီး (လင်း) သည်ဆိုရ(ရုံ)မျှသာ လင်း သောကြောင့် (လင်းယုန်)ဖယောင်းတိုင်ဟု နာမည်ပေးထားခြင်းဖြစ်၏။
ခြေရင်းအိမ်ကတော့ ကျွန်တော်တို့ကျိတ်ပြီး(ဟား)ကြသည်ကိုမသိ။ သူတို့လုပ်ငန်းကိုနာမည်ပေး ပေးဖော်ရသည်ဟုဆိုပြီး သဘောအကျ ကြီးကျကြသည်။ ကျွန်တော်တို့အိမ်မှ ပန်းချီဆရာကလည်း ခပ်တည်တည်ဖြသ့် ဖယောင်းတိုင်တံဆိပ်ဘလောက်တုံးလုပ်ဖို့ လင်းယုန်ငှက်ပုံတွေ ဘာတွေဆွဲပေးလိုက်သေး၏။
အန်တီလှကလည်း အဲဒီ(လင်းယုန်)ဖယောင်းတိုင်လုပ်သည့် အိမ်သို့ တစ်နေ့လျှင် နှစ်ခေါက်သုံးခေါက်လောက် အ၀င်အထွက်လုပ်သည်။ လေပန်းသည်။ တစ်ခါတစ်ရံ သူမဖာသာ တစ်ယောက်တည်း လေပန်းရုံဖြင့် အားမရဘဲ ကျွန်တော်တို့ အိမ်ဘက်သို့ လည်ဆန့်ကာ
“ဟဲ့ …… မောင်စိန်မြင့်၊ဒီဘက်အိမ်ကူးခဲ့လေကွယ်။ လက်ဖက်ထုပ်လေး ဘာလေးစားရင်း စကားစမြည်ပြောရအောင်”
ဟုဆိုကာ ကျွန်တော်တို့အဖွဲ့ထဲမှ တွေးခေါ်ပညာရှင်ကို လှမ်းလှမ်းပြီးပင့်လေ့ရှိသည်။
စိန်မြင့်ဆိုသည့် အတွေးအခေါ်ပညာရှင်ငနဲသား၏ ဥာဉ်ဆိုးကလည်းတစ်မျိုး။ ဒင်းက အချိန်ပြည့် အားအားယားယားရှိနေသောကြောင့်လား မပြောတတ်။ ဘယ်သူကခေါ်ခေါ် ….. ဘယ်နေရာကိုခေါ်ခေါ် ….. မဆိုင်းမတွဘဲ ပုဆိုးလေးပြင်ဝတ်ပြီး သုတ်ခနဲထလိုက်သွားလေ့ရှိ၏။
ယင်းသို့…… ပင့်ဆောင်လေရာ နေရာတိုင်းသို့ကြွချီတော်မူလေ့ရှိခြင်းကြောင့် ဒင်းကို ကျွန်တော်တို့ တစ်ဖွဲ့လုံးက ဒက္ခိဏသာခါကိုယ် တော်လေးဟု ကင်ပွန်းတပ်ထားသည်။ ကြာတော့ ….. သူ့နာမည်အရင်း (စိန်မြင့်)ဆိုသည်ကိုပင် မေ့တေ့တေ့ဖြစ်နေ၏။
အန်တီလှက ထိုသို့ လှမ်းလှမ်းခေါ်ကာမှပင် သူ့နာမည်(စိန်မြင့်)ပါကလားဆိုသည်ကို ပြန်ပြန်ပြီးသတိရမိကြလေသည်။ ဒင်းကလည်း အပင့် ခံရသည်နှင့် တစ်ပြိုင်နက် မနေနိုင် မထိုင်နိုင် ကောက်ကောက်ပါအောင် ကြွချီသွားပြီး သူ၏ အဖိုးထိုက်နက်နဲလှစွာသော အတွေးအခေါ်များကို ဟောကြားတော်မူလေ့ရှိ၏။
“ကျွန်တော် တစ်ခုစဉ်းစားမိတယ် …… အန်တီလှရဲ့”
“ဆိုစမ်းပါဦး……. မောင်စိန်မြင့်ရယ်”
အားအားယားယားရှိသူနှင့်ပင် စပ်စပ်စုစုနိုင်သူတို့ကား မသာအိမ်နှင့်ဖဲဝိုင်းကဲ့သို့ လိုက်ဖက်ညီလှပေစွ။
စိန်မြင့်က
“အန်တီလှတို့ ဘုရားရှိခိုးပြီးမေတ္တာပို့ရင် နာမည်တပ်ပြီးတော့ ရည်စူးမေတ္တာပို့ကြတယ်မဟုတ်လား။ ဥပမာ ……. ကျွန်တော့်အတွက် မေတ္တာပို့ရင် “မောင်စိန်မြင့် ….. ကျန်းမာချမ်းသာပါစေ”ဆိုတာမျိုးပေါ့”
“အေး …… ဟုတ်တယ်လေ”
“ဒါဆိုရင် …. အန်တီလှမသိဘဲ ကျွန်တော်က နာမည်ပြောင်းလိုက်တယ်ဆိုပါစို့။ (နေတိုး)ဆိုပါတော့ဗျာ”
အန်တီလှက ချက်ချင်းမျက်နှာအိုသွားပြီး
“မင်းနှယ်ကွယ်၊တခြားနာမည်ပြောင်းပါလား။ အန်တီက အဲဒီနေတိုးဆိုတဲ့ မင်းသားကိုသိပ်ကြိုက်တာ။ မင့် ရုပ်ကြီးနဲ့ဆိုတော့ ……..”
“ဟာ …… တကယ်ပြောင်းတာမဟုတ်ပါဘူးဗျာ။ ဥပမာပြောတာဗျ …… ခင်ဗျားကြီးကလည်း”
“သြော် ….. အေး …… အေး၊ ဒါဆို ….. ပြီးရော။ ဆက်ပြော …. ဆက်ပြော”
စိန်မြင့်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး …….
“အဲဒီမှာ …… ကျွန်တော်နာမည်က (နေတိုး)ဖြစ်သွားပြီ။ ဒါကို အန်တီလှက မသိဘဲ အရင်အတိုင်း “မောင်စိန်မြင့် …… ကျန်းမာချမ်းသာ ပါစေ”ဆိုပြီး မေတ္တာပို့ရင် အဲဒီမေတ္တာကို ကျွန်တော် ရပါ့မလားဟင်။ မရဘူးဆိုရင်ကော ….. အဲဒီမေတ္တာတွေက ဘယ်ကိုရောက်သွားသတုန်းဗျ”
ဒေသနာတော်ကသိမ်မွေ့နက်နဲလွန်းသောကြောင့်လားမသိ။ အန်တီလှတစ်ယောက် ခေါင်းကုတ်ကာ အ၊တီး အ၊ထစ်ဖြစ်သွား၏။ ကျွန်ုပ်တို့ ၏ တွေးခေါ်ပညာရှင်ကလေးမောင်စိန်မြင့်ကား အနှီကဲ့သို့သော အရေမရ အဖတ်မရ ကိစ္စများကို အချိန်ကုန်ခံပြီး စဉ်းစားတတ်သည့်နေရာတွင် မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဧတဒဂ်အရာထားရလောက်အောင် တစ်ဖက်ကမ်းခတ်ထူးချွန်သူပေတည်း။
သူ၏ ဒေသနာတော်ကို နာယူနေကြသူများကလည်း ခေသူတော့မဟုတ်။ လင်းယုန်ဖယောင်းတိုင်ကုမ္ပဏီချုပ်ကြီး၏ကတော် ဒေါ်ပုကြွယ်က သူဥာဏ်မီသလောက် ၀င်ရောက်ဆွေးနွေး၏။
“မောင်စိန်မြင့် ပြောတာ စဉ်းစားစရာပဲကွဲ့။ အဲဒါကြောင့် …… လူတွေက နာမည်ပြောင်းရင် သတင်းစာထဲမှာထည့်ပြီး ကြော်ငြာကြတာပေါ့။ မေတ္တာပို့ရင် နာမည်မမှားအောင် ထင်ပါရဲ့”
သူတို့ပြောသမျှကို ဒီဖက်အိမ်မှနေပြီး အတိုင်းတားကြားနေရသော ကျွန်တော်တို့တစ်ဖွဲ့လုံးက ကြမ်းပြင်ပေါ်တွင်လှိမ့်ကာလှိမ်ကာ ခြေဆောင့်ပြီးရယ်ကြ၏။
လင်းယုန်ဖယောင်းတိုင်လုပ်ငန်း၏ ကုမ္ပဏီလုပ်ငန်းစု အမှုဆောင်အရာရှိချုပ်(C.E.O)သူဌေးကြီးဦးခွေးနီကတော့ သူ့မိန်းမဒေါ်ပုကြွယ်ကို လှမ်း၍ဟန့်လိုက်ရင်း ……..
“တယ် …… ဒီမိန်းမဟာ၊ဇောက်မှန်းကမ်းမှန်းမသိဘဲ ၀င်ဝင်ပြောနေ။ ငါ …..ထလုပ်လိုက်ရ ….. နာတော့မယ်။ အဟမ်း… ဒီမယ် မောင်စိန်မြင့်ရဲ့ …. မောင်ရင်ပြောတဲ့ကိစ္စကို ပဋိကတ်ကျမ်းကြေတဲ့ သက်တော်ဝါတော်ရဆရာတော်ဘုရားကြီးတွေနဲ့တွေ့မှ မေးလျှောက်ကြည့်ရ ဦးမယ်”
တော်ပါသေး၏။
ကံကောင်းသည်ဟုပင်ဆိုရမည်။ ပိဋိကတ်ကျမ်းကြေသောသက်တော်ဝါတော်ရဆရာတော်ကြီးများကား ကျွန်တော်တို့ လမ်းထဲသို့ တစ်ပါး မှ မကြွပါ။
* * * * *
အဲသည် ကျွန်တော်တို့ခြေရင်းက (လင်းယုန်)ဖယောင်းတိုင်လုပ်သောအိမ်နှင့် လမ်းထောင့်ဆုံးတွင်ရှိသော (သိပ္ပံစိန်လှ)ဘက်ထရီဆိုင်တို့ သည် တစ်ခါက အကြီးအကျယ်ရန်ဖြစ်ပြီး အခုထက်ထိတိုင် စကားမခေါ်မပြော အဆက်အဆံဖြတ်ထားကြသည်ဆို၏။
ဖယောင်းတိုင်လုပ်ငန်းနှင့် ဘက်ထရီလုပ်ငန်းတို့ မတည့်ကြခြင်း၊ရန်ဖြစ်ကြခြင်းမှာ သိပ်တော့ အံ့သြစရာမဟုတ်။ပြီးတော့ ….. အဲသည့်ကိစ္စ က ကျွန်တော်တို့ပြောင်းမလာခင်ကတည်းကဖြစ်ခဲ့သည့်ရန်စ။
ခွကျသည်ကတော့ ကျွန်တော်တို့၏ အူရဒူတွေးခေါ်ပညာရှင်မောင်စိန်မြင့်က ကြားထဲတွင် ကန့်လန့်ကန့်လန့်ဝင်ပါဖြစ်အောင် ပါလိုက် ခြင်းဖြစ်သည်။။
တစ်နေ့ ……….
လမ်းထိပ်က (ဒေါ်ရီ ….မြောင်းမြမုန့်ဟင်းခါး) ဆိုင်တွင် ကျွန်တော်တို့ ၀င်ထိုင်ပြီး မုန့်ဟင်းခါးစားဖို့မှာကြ၏။ ရှေ့မှာ ရောက်နှင့်စားနှင့်နေ ကြသူတွေကလည်း များနေသဖြင့် တော်တော်ကြာအောင်စောင့်နေရသည်။ စားနေကြသူ အားလုံးနီးပါးမှာလည်း ဒီလမ်းဟိုဘက်လမ်း အနီးတ၀ိုက် မှချည်းပင်ဖြစ်၏။
ကျွန်တော်တို့ မုန့်ဟင်းခါးဆိုင်မှာထိုင်နေခိုက် (သိပ္ပံစိန်လှ)ဘက်ထရီဆိုင်မှ ကိုစိန်လှ၏ခယ်မမနှင်းသွယ်က သူမ၏သားကလေးကို လက်ဆွဲကာ ရောက်ချလာပြီး မုန့်ဟင်းခါးချိုင့်ဆွဲလာဝယ်သည်။
(သူများပြောသဖြင့်သိရသည်မှာ ….. သိပ္ပံစိန်လှနှင့်ညီဖြစ်သူ ကိုစိန်မြတို့ညီအစ်ကိုသည် မနှင်းနွယ် မနှင်းသွယ်ညီအစ်မနှစ်ယောက်ကို အစုံလိုက် အတွဲလိုက်ယူထားခြင်းဖြစ်သည်ဆို၏။ သိပ္ပံစိန်လှနှင့် မနှင်းနွယ်တို့မှာတော့ သားသမီးမထွန်းကာဘဲ ကိုစိန်မြနှင့်မနှင်းသွယ်တို့မှာ သာ ဒီသားကလေးတစ်ယောက်ရခြင်းဖြစ်သည်။
အခုတော့ …… ကိုစိန်မြကလည်း လွန်ခဲ့သည့်နှစ်နှစ်ကျော်က ကွယ်လွန်သွားပြီဖြစ်ရာ မနှင်းသွယ်တစ်ယောက်သာ သားတစ်ကောင်နှင့် တို့လိုတွဲလောင်းကျန်နေရစ်ခဲ့ခြင်းဖြစ်သည်။ ကလေးလေးကလည်း ဖြူဖြူဖွေးဖွေး ၀၀ကစ်ကစ်ချစ်စရာလေးမို့ ငနဲသား စိန်မြင့်ဆိုသည့်ကောင်က မနေနိုင် မထိုင်နိုင် ပါးစပ်ဆော့ပြီး ကလေးကိုသွားမြူသည်။)
“သားသားရဲ့ဖေဖေက ဘ ဒူ လဲ”
ကလေးကမဖြေ။ စိန်မြင့် ငမိုက်သားက ကလေး၏ပါးဖောင်းဖေါင်းကလေးကိုဆွဲလိမ်ပြီး ကလေးအဖေနာမည်ကို ထပ်မေးပြန်၏။
“သားသားရဲ့ ဖေဖေက ဘဒူလဲ”
ကလေးက မဖြေဘဲ မျက်လုံးပေကလတ် ပေကလတ်။ ကလေးအမေ မနှင်းသွယ်ကတော့ အနည်းငယ် မျက်နှာပျက်စပြုလာ၏။ ဒါကို ကျွန်တော်တို့မရိပ်မိ။
အမှန်ကတော့ …. အဲဒီကိစ္စသည် တကယ့်ပြဿနာအကြီးကြီးဖြစ်၏။ ဒီကလေးသည် ကိုစိန်မြနှင့် မနှင်းသွယ်၏သားဟုဆိုသော်လည်း ကတယ်တမ်းမှာ ကိုစိန်မြကွယ်လွန်ပြီး ဆယ်လကျော်မှမွေးခြင်းဖြစ်သည်။
မနှင်းသွယ်တစ်ယောက် ခဲအိုဖြစ်သူ သိပ္ပံစိန်လှနှင့် တိုးတိုးတိတ်တိတ် ဖြစ်ကြ၊ပျက်ကြပြီး အကောင်အထည်ပေါ်လာကာမှ သွားလေသူ ကိုစိန်မြ၏ခေါင်းစဉ်တပ်လိုက်ခြင်းဖြစ်မှန်း တစ်ရပ်ကွက်လုံးက ရိပ်မိကြ၏။
လမ်းသူလမ်းသားများကလည်း တီတိုးတီးတိုးသဖန်းပိုးလုပ်ရုံထက် မပိုဘဲ အားနာပါးနာဖြင့် အောင့်အည်းထားခဲ့ကြသည်။
အခု …… မောင်စိန်မြင့်တစ်ကောင်မှာတော့ (ဘုမသိ ဘမသိဖြင့်)ကလေးကိုမြူနေပုံက ဘေးလူအမြင်တွင် ကလေးအဖေရင်းလက်သည် တရားခံပေါ်အောင် ပုလိပ်စစ်စစ်နေသလိုလို။
ဟော ……လုပ်ပြန်လေပြီ။
“သားသားရဲ့ဖေဖေက ဘဒူလဲ”
ကလေးကမဖြေ။ မုန့်ဟင်းခါးစားနေကြသော အကြောင်းသိလမ်းသူလမ်းသားများက တခွိခွိကျိတ်ပြီးရယ်ကြ၏။ ကလေးအမေ မနှင်းသွယ်က ဆောင့်ဆောင့်အောင့်အောင့်ဖြင့် မျက်စောင်းထိုး၏။
အရိပ်သုံးပါး နားမလည်သူ မောင်စိန်မြင့်ကား သူများဖုံးထားသော မစင်ပုံကိုတုတ်ဖြင့်ဆွလေပြီ။
“သားသားလေးရဲ့ ဖေဖေကဘဒူလဲ၊ပြောပါဦး”
“ဟဲ့ ……. အကောင်ရဲ့”
မနှင်းသွယ်ကား ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ကလေးကို ဆတ်ခနဲပွေ့ချီလိုက်ပြီး မောင်စိန်မြင့်ကိုလက်ညှိုး ငေါက်ငေါက်ထိုးပြီး ရန်တွေ့လေတော့သည်။
“ကလေးအဖေကို ဘာကိစ္စမေးနေရတာတုန်း။ ငါဖာသာ ငါဘယ်သူနဲ့ရပြီးမွေးထားမွေးထား၊ နင်နဲ့ ဘာဆိုင်သလဲဟဲ့၊ ဟင် …..။ ပါးကွဲသွား ချင်သလား၊မနှင်းသွယ်ကိုလာမစမ်းနဲ့ …. ဘာမှတ်သလဲ”
ကျွန်တော်တို့ကား မုန့်ဟင်းခါးဖိုးကို မြန်မြန်ရှင်းပေးပြီး သုတ်ခြေတင်ရလေတော့သည်။ မောင်စိန်မြင့်ကား သူ့အမှားကို သူအားနာပြီး တောင်းပန်မဆုံး။
“ကန်တော့ပါရဲ့အစ်မရယ်။ ကလေးက သူ့အဖေကို သူသိတယ်ထင်လို့ပါ”
တောင်းပန်လေလေ၊မနှင်းသွယ်က ဒေါသထွက်လေလေ။ ဘေးမှ မုန့်ဟင်းခါးစားနေကြသူတို့ကလည်း မဖျန်ဖြေဘဲ ၀ိုင်း၍သာရယ်နေ ကြ ၏။
သြော် ……. တတ်လည်း တတ်နိုင်သည့် ရပ်ကွက်ကလေး။
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်

http://ideamagazine.blogspot.com/

သူတို့ရပ်ကွက်သူတို့အကြောင်း(၂)


သူတို့ရပ်ကွက်သူတို့အကြောင်း(၂)
ကလေးအဖေတရားခံဖော်မိသည့်ကိစ္စက သည်လောက်နှင့်ပြီးမသွားခဲ့။
ပြာဖုံးနေသော ပြဿနာမီးခဲကို အလိုက်ကန်းဆိုးမသိ လေဖြင့် မှုတ်ပေးသူက အများသိတော်မူကြသည့် အတိုင်း အန်တီလှပင်ဖြစ်သည်။ သင်္ကြန်ရက်နီးလာတော့ “လင်းယုန်”ဖယောင်းတိုင်အိမ်က အလှူလုပ်သည်။ ဒေါ်ပုကြွယ်မွေးနေ့ဆိုလား ဘာဆိုလားမသိ။ မုန့်ဟင်းခါးကျွေးမည်ဆိုခြင်းကြောင့် ကျွန်တော်တို့ ဂျစ်ပစီတစ် သိုက်ကလည်း ထမင်းလွတ်ဟု သဘောထားကာ ပါးဖြဲနားဖြဲသွားစားကြသည်။
တစ်လမ်းလုံးကို ဖိတ်ပေမယ့် သူတို့နှင့် မတည့်သော “သိပ္ပံစိန်လှ”ဘက်ထရီဆိုင်အိမ်ကိုတော့ မဖိတ်ဘဲ ချန်ထားခဲ့၏။ ဒါကို အလှူမှာ လာစားကြသူတိုင်းရိပ်မိကြသည်။
ဟိုကောင် . . ငထူ . . ငအ . .စိန်မြင့်ဆိုသည့် ငနဲသားကတော့ ဒါကို နည်းနည်းမှ အထူအပါးနားမလည်။ အဘယ်မှာနားလည်အံ့နည်း။ အလှူအိမ်မှာ ဟိုနားယောင်ယောင် ဒီနားယောင်ယောင် ၀င်ကူသလိုလို ဘာလို လို လုပ်ရင်း အန်တီလှနှင့်တက်ညီလက်ညီလေပေါနေကြသည်ကိုး။
အန်တီလှကလည်း အငြိမ်မနေ။ အလှူအိမ်၏ခြံတံခါးပေါက်ဝတွင်ရပ်ကာ အိမ်ရှေ့မှဖြတ်သွားသူတိုင်းကို
“ဟဲ့ . . လာလေ၊၀င်စားသွားကြဦးလေ”
“သြော် . . လာကြစမ်းပါဟဲ့။ ဒီမှာ အလှူလုပ်နေတာလေ”
ဟုဆိုကာ အတင်းဖိတ်တော့၏။ မသိလျှင် အန်တီလှကိုပင် အလှူရှင်ဟု ဘေးကလူများက ထင်မှတ်မှား လောက်သည်။
စိန်မြင့်ကလည်း ယောင်တောင်ပေါင်တောင်ဖြင့် အန်တီလှနှင့်အတူ ရောနှောကာ အိမ်ရှေ့ကဖြတ်သန်း သွားသူတိုင်းကို အလှူမှာဝင်စားဘို့ သိသိမသိသိအတင်းခေါ်လေ၏။
ကံဆိုးချင်တော့ ထိုအချိန်တွင်မှ . . .
သိပ္ပံစိန်လှ၏ဇနီးမနှင်းနွယ်က ဈေးဝယ်ထွက်ပြီး ပြန်လာသည်။ သူတို့အိမ်က လမ်းထောင့်ဆုံးမှာဖြစ် သောကြောင့် အလှူလုပ်နေသော “လင်းယုန်” ဖယောင်းတိုင်အိမ်ရှေ့မှ မလွှဲသာမရှောင်သာဖြတ်ရ၏။
မနှင်းနွယ်ကလည်း သူတို့တစ်အိမ်တည်းကို အလှူမဖိတ်ဘဲ ကွက်ချန်ထားခဲ့မှန်းသိသည်။ သူမဘက်က လည်း လင်းယုန်ဖယောင်းတိုင်ပိုင်ရှင် ဒေါ်ပုကြွယ်ကို အနာကြီးနာထားသော အချက်တစ်ချက်ရှိ၏။ မနှင်းနွယ် တစ်ကိုယ်လုံးမှာ ထူးခြားချက်နှစ်ချက်က ပေါ်လွင်ထင်ရှားလွန်းသည်။ အဲဒါကတော့ . . . “သွားခေါခြင်း” နှင့် “ဖင်ကောက်”ခြင်းပင်ဖြစ်၏။
သူတို့နှစ်အိမ်ရန်ဖြစ်ကြတော့ ဒေါ်ပုကြွယ်က မနှင်းနွယ်ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
“ဟဲ့ . . .သွားခေါဖင်ကောက် ဍ ရင်ကောက်မရဲ့ ”
ဟုခေါ်ကာ ရန်တွေ့သည်။ ဒါကို မနှင်းနွယ်က နာကျည်း၍မဆုံး၊ကမ္ဘာမကြေဟု သတ်မှတ်ထားသည်။
အခုလည်း အလှူလုပ်နေသော ဒေါ်ပုကြွယ်အိမ်ရှေ့မှ ဖြတ်လျှောက်သည့်အခါ ဈေးခြင်းတောင်းကို တံ တောင်ဆစ်ကွေးမှာချိတ်ပြီး တမင်ပင် မျက်နှာကို ခပ်လွှဲလွှဲလုပ်ကာ သုတ်သုတ်သုတ်သုတ်ဖြင့် လျှောက်၏။
ဒါကို မြင်သွားသည့် အန်တီလှက
“ဟဲ့ . . .နှင်းနွယ်၊ညည်းက ဈေးကတောင်ပြန်လာပြီပေါ့လေ။ အတော်ပဲဟဲ့ . . လာ . . .ဒီမှာ အလှူ လုပ်နေတာ တစ်ခါတည်းဝင်စားသွားဦး”
မနှင်းနွယ်က တမင်သိသိသာသာပင် မျက်နှာကိုတစ်ဖက်သို့ ပို၍လွှဲလိုက်ပြီး မကြားချင်ယောင်ဆောင် ကာ ခြေလှမ်းကို အရှိန်မြင့်လိုက်သည်။
အလိုက်ကန်းဆိုး မသိသော အန်တီလှက ထပ်ပြီးခေါ်သည်။
“ဟဲ့ . . နှင်းနွယ် . . .နှင်းနွယ်၊လာစမ်းပါဟဲ့၊အားမနာစမ်းပါနဲ့ . . ဒီအိမ်ကတို့နဲ့ ဆွေလိုမျိုးလိုနေတာ၊လာ . . .မုန့်ဟင်းခါးစား”
ရန်ဖြစ်ထားသည့်အိမ်ကိုမှ အတင်းမုန့်ဟင်းခါးဝင်စားခိုင်းနေသော အန်တီလှကို မနှင်းနွယ်က မျက်စောင်းထိုး၏။
ဒါကိုလည်း အန်တီလှက သဘောမပေါက်။
“လာစမ်းပါဟဲ့ . . .၊အို . . .ခက်တာပဲ . . ဘယ်သွားမလို့တုန်း၊ ဟဲ့ . . မောင်စိန်မြင့်ရဲ့ ဒီမှာ နှင်းနွယ်ကို ဆွဲစမ်းပါဦး”
အသွားစေသူက အန်တီလှ၊ဘုမသိဘမသိဖြင့် အတင်းလိုက်ပြီး လက်ဆွဲသူက မောင်စိန်မြင့် အဲဒီမှာတင် စပြီး ကြည့်လို့ကောင်းတော့သည်။
စိန်မြင့်ဆိုသည့်ကောင် လက်ဆွဲနေပုံကလည်း အလှူအိမ်ထဲကို ဖိတ်ခေါ်နေသည်နှင့်မတူ။ ဇူဇကာ ပုဏားက ဝေသန္တရာမင်းကြီး၏ သားတော်နှင့် သမီးတော်တို့ကို အလှူခံပြီး တရွတ်ဆွဲခေါ်သွားပုံမျိုး ဖြစ်နေ ၏။
မနှင်းနွယ်ကလည်း အတင်းဇွတ်ပေကပ်ပြီး ခြေကန်ရုန်းသည်။
“လွှတ် . . လွှတ် . . .ငါ့ကိုလွှတ်”
“အို . ..လာစမ်းပါ”
“ဟင့်အင်း . . လွှတ် . . လွှတ် ပါရှင်”
စိန်မြင့်ကဆွဲလေ . . မနှင်းနွယ်က ခြေစုံတောင့်ခံကာ ရုန်းလေဖြင့် အလှူအိမ်ရှေ့တွင် ၀ရုန်းသုန်းကား ။
အလှူအိမ်ထဲမှ လူတွေကလည်း ၀င်ဆွဲရကောင်းနိုးနိုး၊ဟဲ့ . . “လွှတ်လိုက်တော့ . . သူဖာသာသူသွားပ စေ” ဟု နှင်လွှတ်ရကောင်းနိုးနိုး ခွတီးခွကျဖြစ်နေကြ၏။
ထိုစဉ် . . . .
“ဟေ့ကောင် . . ငါ့မိန်းမကိုလွှတ်လိုက်”
ဆိုသည့်စကားသံနှင့်အတူ သိပ္ပံစိန်လှတစ်ယောက် ငှက်ကြီးတောင်ဓါးကိုဆွဲ၍ရောက်လာလေတော့ရာ သူ့ဖက်ကိုယ့်ဖက် ပတ်သက်ရာပတ်သက်ကြောင်းတွေဝင်ပြီး ဆွဲကြလွဲကြ ရိုက်ကြနှက်ကြဖြင့် အလှူပွဲသည် ရန်ပွဲအဖြစ် ပြောင်းသွားလေတော့သည်။
* * * * *
မောင်စိန်မြင့်ကလေးတစ်ယောက်ခမျာ သူ့ကြောင့် အလှူအိမ်မှာ တုတ်ဆွဲဓါးဆွဲရန်ပွဲဖြစ်ပြီးသည့် နောက်တွင် ရပ်ကွက်ကို အားနာ၍လားမသိ၊အတော်ကလေးငြိမ်ကျသွား၏။အန်တီလှကိုလည်း လန့်သွားဟန် တူသည်။
အရင်လို စကားရောဖောသော သိပ်မလုပ်တော့ဘဲ အန်တီလှကို ခပ်ရှောင်ရှောင်ဖယ်ဖယ်နေ၏။
ဦးပွားကော . . .သူ့သားဖြစ်သူအောင်ဗလကော . . နှစ်ယောက်စလုံးဘ၀က အကျိုးပေးမကောင်းသော ကြောင့်ခါးကုန်းပြီး ကျောလည်ခုံးထကာ ခါးဆစ်ရိုးတွင် ဘုကြီးဖြစ်နေ၏။
အဖေကော သားပါနှစ်ယောက်စလုံး ဘုကြီးကို ခါးကုန်းကုန်းပေါ်တင်ပြီး ထမ်းထားသလိုဖြစ်နေသော ကြောင့် “ခါးဘုနှင့်သားအဖ”ဟု ရပ်ကွက်ထဲမှ လူတွေကမှတ်မိကြ၏။
“ခါး ဘု”ဆိုသည်ကို အရပ်ခေါ်ခေါ်သည့်အသံထွက်ကတော့ “ဂပု”ပေါ့လေ။
တစ်ချိန်က နာမည်ကြီးလူကြိုက်များခဲ့သည့် အကယ်ဒမီဆုရ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သည့် “အဖေတစ် ခု သားတစ်ခု”ကလည်း လူတွေ၏ပါးစပ်ဖျားမှာ စွဲလန်းနေဆဲဖြစ်လေတော့ ဦးပွားနှင့်အောင်ဗလတို့သားအဖ ကို “အဖေဂပု၊သားဂပု ”ဟု ခေါ်ကြလေတော့သည်။
“ဂပု” သားအဖနှစ်ယောက်စလုံးကလည်း ၀ိုးတိုးဝါးတားကြောင်တိကြောင်ကျားတွေ . . .၊တစ်ခါကလည်း သား ဂပုဖြစ်သူအောင်ဗလက ဂျာနယ်ထဲမှ ခရီးသွားလုပ်ငန်းကြော်ငြာတစ်ခုကို ဖတ်ရှုပြီးခပ်တည်တည်ဖြင့် သုံးသပ်ပြဘူးသည်။
“ကျွန်တော် သေသေချာချာလေ့လာကြည့်လိုက်တော့ . . ကျွန်တော်တို့နိုင်ငံကို လာလည်ကြတဲ့ foreigner တွေထဲမှာ အများစုက နိုင်ငံခြားသားတွေပဲဗျ”
“ဟုတ်ရဲ့လား . ..မောင်မောင်ဗလရယ်”
“သိပ်သေချာတာပေါ့ဗျာ၊ကျွန်တော် နှစ်ရှည်လများ စနစ်တကျလေ့လာသုံးသပ်ပြီးမှ ပြောတာဗျ”
အောင်ဗလ၏သုံးသပ်ချက်က အမှတ်တမဲ့ဆိုလျှင် မျက်စေ့လည်ပြီး ကယောင်ချောက်ချားဖြစ်သွား စေနိုင်လောက်၏။
ဘယ်နှယ့် . . .
“Foreigner တွေထဲမှာ အများစုက နိုင်ငံခြားသားတွေ . . .”တဲ့။ ဘယ်လောက်တောင် သုတေသန စာတမ်းပြုစုဘို့ ကောင်းလိုက်လေသလဲ။
“Foreigner ဆိုပါမှ အကုန်လုံးနိုင်ငံခြားသားတွေချည်းပဲ မဟုတ်လို့ မင်းအမေ့လင်တွေပါ ပါလာရီဦးမှာ လား”ဟု မေးမေးပြီး နားရင်းကို ဘယ်ပြန်ညာပြန်ရိုက်ဘို့သာရှိတော့သည်။
ဒါတောင်မှ . . .ဒီတွေ့ရှိချက်ကို မောင်အောင်ဗလခမျာ နှစ်ရှည်လများ လေ့လာအကဲခတ်တော်မူပြီးမှ သိလာသည်ဆိုပဲ။
သား “ခါးဘု”ကတင် အဲသည်လိုလားဆိုတော့ မဟုတ်သေး။ အဖေ“ခါဘု”ဖြစ်သူဦးပွားကလည်း သူ့နည်း သူ့ဟန်ဖြင့်သူတစ်နိုင်တစ်ပိုင် ၀င်ဝင်ပြီးကြောင်သည်။ သူကျတော့ “လူရာဝင်သည့်ရောဂါ”က ပိုပြန်သေး၏။
တစ်ခါကလည်း ရပ်ကွက်ဓမ္မာရုံဆောက်လုပ်လှူဒါန်းဘို့ အစည်းအဝေးလုပ်ကြချိန်မှာ ကမကထပြု မတည်အလှူငွေထည့်ကြသည့် သူဌေးတွေစကားဝိုင်းထဲ ယောင်တောင်ပေါင်တောင်ဖြင့် အတင်းဝင်ရော၏။
ဟိုလူတွေထဲမှာက ဆန်ကုန်သည်၊ပဲကုန်သည်တွေပါသလို၊ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ၊သစ်ကုန် သည်သူဌေးတွေလည်းပါ၏။ ပြောနေသည့်စကားတွေကလည်း သိန်းရာဂဏန်းအထက် . . . ။
အဲဒီကြားထဲ ခါးကုန်းကုန်းကျောဘုလုံးလုံးနှင့်ဦးပွားတစ်ယောက် ဘယ်လိုမှပါးစပ်ဝင်မဟသာချေ။ ဒါ တောင်မှ မရမက အပေါက်အပြဲရှာကာ ၀င်တိုးဘို့ကြိုးစားသေး၏။
ဟိုသူဌေးတွေကပြောကြဆိုကြရင်း ပျဉ်းကတိုးဈေး၊ကျွန်းဈေးစသဖြင့် သစ်အကြောင်း စကားစပ်မိနေကြ သည့်အထဲ ခါးဘုဦးပွားက ရုတ်တရက်ထပြီးပြောလိုက်သည်။
“ကျွန်းသစ်ရရင် နည်းနည်းလောက်လိုချင်တယ်”
ဦးပွား၏စကားကြောင့် အားလုံးစိတ်ဝင်စားသွားကြ၏။ စိတ်ဝင်စားရပေမပေါ့။ စကားဝိုင်းထဲမှ သစ်ကုန် သည်သူဌေးက
“ဘယ်နှစ်တန်လောက်လိုချင်တာလဲ”
မှန်၏။ သူတို့အဘို့တော့ အရေအတွက်ကို“တန်” လောက်ဖြင့်သာ အနည်းဆုံးထားပြီးပြောရပေသည်။
ထိုအမေးစကားကြောင့် ဦးပွားတစ်ယောက် ခေါင်းကုတ်သလို ဖင်ကုတ်သလိုလုပ်ပြီး လျောချသွားရ တော့၏။
“များများစားစားမဟုတ်ပေါင်ဗျာ။ သွားကြားထိုးဘို့အစတစ်စနှစ်စလောက်ရရင်တော်ပါပြီ”
ဘေးမှကြားရသူတိုင်းက ဦးပွားကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဆဲကြလေ၏။
သိုသော့် . . ခါးဘုဦးပွား၏ လူရာဝင်ချင်သည့်ရောဂါက ငုပ်မသွား။ ကားပွဲစားလည်းဆိုသေးရဲ့။ ဒီလောက် “အ”ရကောင်းလားဟု အပြစ်တင်မစောပါနှင့်။
ကားပွဲစားဆိုသော်လည်း တကယ့်ပွဲစားစစ်စစ်မဟုတ်။ သူ့အကျင့်အတိုင်း တကယ့်ကားပွဲစားတွေ နားသွားပြီး ဟိုနားမော့မော့ ဒီးနားမော့မော့နှင့် လူရာဝင်ချင်လွန်း၍အတင်းလိုက်ကာ ရောယောင်နေခြင်းမျှသာ ဖြစ်၏။
တကယ့်ကားပွဲစားတွေပြောလေ့ဆိုလေ့ရှိသော“အခေါ်အဝေါ်”တွေ၊ “အထာ”စကားတွေကို နားစွန်နား ဖျားကြားရသမျှ မှတ်ထားပြီး လူသူလေးပါးထူထူကြားရောက်လျှင် ဦးပွားတစ်ယောက် အတည်ပေါက်နှင့် မှုတ် လေ့ရှိ၏။
မသိသူများကတော့ ခါးဘုဦးပွားကို တကယ့်ဝါရင့်ကားပွဲစားကြီး အထာနပ်ပြီးသား ကားပွဲစားကြီးဟု ထင်ကောင်းထင်ကြပေမည်။
“ပါဘလေကာကို ဖင်ထောင်နဲ့ အလဲအထပ်လုပ်ရင် အောက်ကားက ဘယ်လောက်လိုက်မလဲ”
“ဈ မျဉ်းဆွဲ တူးဒိုးက သန့်တယ်။ တစ်လက်ကိုင်ပဲ”
“အဲဒီကားက ဘော်ဒီဆေးသားကို ခေါက်ကြည့်လိုက်တော့ ပတ်တီးသံပါနေတယ်”
သည်စကားတွေက လက်ဖက်ရည်ဆိုင်တို့ ကွမ်းယာဆိုင်တို့မှ လူထူထူစုမိပြီဆိုလျှင် ခါးဘုဦးပွားတစ် ယောက် ကျယ်လောင်ကျယ်လောင်ပြောလေ့ရှိသော ပါးစပ်အယားပြေဝေါဟာရများဖြစ်၏။
အဲဒါတွေကို နားယောင်ပြီး မစားရ၀ခမန်း လှေကြုံစီးကာ“မျော”ပါသူက ကျွန်တော်တို့၏ အတွေးအခေါ် ကျိုးတိုးကျဲတဲ ပညာရှင်ကလေး . .မောင်စိန်မြင့်။
ကနေ့နက်ဖြန်ဆိုလျှင်ပဲ ကားတစ်စီးအရောင်းအ၀ယ်ဖြစ်လျှင် သိန်းနှင့်သောင်းနှင့်ချီပြီး ငွေထုပ် ပိုက်ရ တော့မလိုလို ဘာလိုလို အိုက်တင်ဖမ်းကာ ဦးပွားနှင့်နှစ်ယောက်သားခေါင်းချင်းဆိုင်လျက် ကျိတ်ကျိတ် ကျိတ်ကျိတ်လုပ်ကြ၏။
တစ်ရက်တော့ ဦးပွားက မောင်စိန်မြင့်ကို လမ်းမှာတွေ့တွေ့ချင်း အတင်းလက်ဖမ်းဆွဲပြီး
“ဟေ့ကောင် . . .မောင်စိန်မြင့် ဖင်ကောက်ရရင် တစ်စီးလောက်ဆွဲမယ်ကွာ၊ငါ့မှာ ၀ယ်လက်ရှိတယ်”
“ဗျာ . .ဖင်ကော်၊ဘာ “ဖင်ကောက်” လဲ . . .ဦးလေးပွား”
“ဟာ . . မင်းကလည်း “အ”ပါကွာ။ နိုင်တီတူးမော်ဒယ်(92 Model) ဆလွန်ကားဖင်ကောက်ကို ပြောတာ ကွ”
“သြော် . . .သြော် သဘောပေါက်ပြီ ဦးလေးပွား၊ကျွန်တော်ရှာထားလိုက်မယ်”
ပြောပြီးပြီးချင်း မောင်စိန်မြင့်က လှည့်ထွက်မည့်ဟန်အပြင်တွင် ခါးဘုဦးပွားက လက်ကိုလွှတ်မပေးဘဲ ဆွဲထားရင်း
“ဟ . . .နေဦးကွ။ ပြောဘို့ကျန်သေးတယ်။ ငါ့ဝယ်လက်က “ရှဲစောင်း”မှ လိုချင်တာတဲ့နော်။ “ရှဲ”ဆိုတာ ကိုကော သိရဲ့လား။ ကားရှေ့ပိုင်းက . . .”
“ဟာဗျာ . . ဒါတော့ သိပါတယ် ဦးလေးပွားရာ”
“အေး . . .အေး . . .ပြီးရော”
အမှန်တော့ “ရှဲစောင်း”အမျိုးအစားက S.E ကားအုပ်စုထဲမှသာဖြစ်၏။ စောစောက သူပြောသော 92Model ဖင်ကောက်အမျိုးအစားနှင့် ဘာမှမဆိုင်။ တစ်ယောက်ယောက်က ခါးဘုဦးပွားကို အမြင်ကတ်ကတ် ဖြင့် နောက်ပြောင်ပြီး ကမ္ဘာပေါ်မှာမရှိသည့်ကားကိုရှာခိုင်းလိုက်ပုံရသည်။
မောင်စိန်မြင့်ကလည်း ဘုမသိဘမသိဖြင့် အဟုတ်မှတ်ပြီး ရှာပေးမည်ဟုကတိပေးလိုက်၏။
နောက်တစ်ပတ်ခန့်အကြာတွင် . . .
မောင်စိန်မြင့်ထိုင်နေသော ရပ်ကွက်လက်ဖက်ရည်ဆိုင်ထဲသို့ ခါးဘုဦးပွားဝင်အလာ . .၊ မောင်စိန်မြင့် က ၀မ်းသာအားရအော်ပြီး နှုတ်ဆက်၏။
“ဟာ . . ဦးလေးပွား၊အတော်ပဲ”
မောင်စိန်မြင့်ကလေးကား(ထုံးစံအတိုင်း) စကားပြောလျှင် ရှေ့နောက်မကြည့်။
ထို့ကြောင့် . . .ဦးပွားနောက်မှကပ်ပါလာသော “သွားခေါဖင်ကောက် ဍ ရင်ကောက်”အလှမယ် မနှင်းနွယ်ကိုလည်း သတိထားမိဟန်မတူ။ ခင်ပွန်းဖြစ်သူ သိပ္ပံစိန်လှအတွက် လက်ဖက်ရည်ချိုင့်ဆွဲလာဝယ်ပုံ ရသော မနှင်းနွယ်က ဆိုင်ထဲဝင်ဝင်ချင်းမှာပင် မောင်စိန်မြင့်က ဦးပွားကို လှမ်းပြောလိုက်သော စကားကြောင့် တွန့်ခနဲဖြစ်သွားသည်။ စိန်မြင့်ပြောပုံက
“ဦးလေးပွား . . ဟိုတစ်ခါပြောထားတဲ့ “ရှဲစောင်း”ကို ကျွန်တော်တွေ့ထားပြီ . .ဦးလေး”
မနှင်းနွယ်က စိန်မြင့်နှင့် ခါးဘုဦးပွားတို့၏ အပြန်အလှန်ပြောစကားကို နားထောင်ရင်း မလုံမလဲစိတ် ဖြင့် သူမပါးစပ်ထဲမှ သွားခေါခေါကို ဖုံးကွယ်ရန်နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့လိုက်မိသည်။
စိန်မြင့်ကိုလည်း ဒေါမာန်ပါပါဖြင့် “ဒိုင်း”ခနဲ မျက်စောင်းပစ်ထိုးလိုက်၏။
စိန်မြင့်က သူမကိုစောင်းချိတ်ပြောနေသည်ဟု ထင်လည်းထင်ချင်စရာ။ သူမ၏အပေါ်သွားဖုံး“ရှဲ” ကြီး ကလည်း အညာက ဘုန်းကြီးကျောင်းခေါင်မိုးလို ပြတ်ပြတ်သားသား တစောင်းကြီး“ခေါ”နေသည်မဟုတ်လား။
“တောက် . . .”
သူမ၏ရင်တွင်းမှဒေါသကို မျိုသိပ်ရင်း“တောက်”တစ်ချက် အသံတိတ်ကျိတ်ခေါက်လိုက်စဉ်မှာပင် ခါးဘု ဦးပွားက . . .
“ဟ . .ရှဲစောင်းရုံ . .သက်သက်ပဲလားကွ . .မောင်စိန်မြင့်ရဲ့”
“ဦးလေးကလည်းဗျာ . . ဟဲ. .ဟဲ . . သိပါတယ်ဗျ။ဖင်ကောက်မှဖြစ်မယ်လို့ ပြောမလို့မဟုတ်လား . . ဟဲ . .ဟဲ . . ”
ဒီတစ်ခါတော့ ပညာရှိကလေးမောင်စိန်မြင့်၏စကားတို့က မနှင်းနွယ်ကို တိုက်ရိုက်စော်ကားလာလေပြီ။ သည်ကြားထဲ အသံဆိုးကြီး “တ ဟဲ ဟဲ”ဖြင့် ရယ်နေပုံက သူမကို ရိထေ့လှောင်ပြောင်သရော်နေသည်ဟု ခံစား ရ၏။
မနှင်းနွယ် ဒေါသကိုမချုပ်တီးနိုင်တော့။
ထိုစဉ်မှာပင် မောင်စိန်မြင့်က အော်ကြီးဟစ်ကျယ်ဖြင့် ခါးဘုဦးပွားကိုလှမ်းပြီး
“ရှဲစောင်း ဖင်ကောက်ကိုကျွန်တော်တွေ့ထားပြီ၊ ဦးလေးဆွဲမလား”
မနှင်းနွယ်ကား ဗြုန်းခနဲဒိုင်းခနဲဆိုသလို ပေါက်ကွဲလေပြီ . . .
“ကဲ . . ဆွဲချင်ဦးဟယ်၊ဆွဲချင်ဦးဟယ်”
“ဖြန်း . . ဖြန်း . . ဒေါင် . . .ဘုတ်”
“အောင်မလေး . .လုပ်ပါဦးဗျ . . လုပ်ကြပါဦး”
စိန်မြင့်တစ်ယောက်ကား ကယ်ပါယူပါ တစာစာနှင့်။ မနှင်းနွယ်ကား ဟူးဟူးထွက်သော အမျက်ဒေါသကို တော့ဖြင့် မလျော့လေပြီ။
ထု၏။ ရိုက်၏။ နှက်၏။ မောင်စိန်မြင့်၏ နားသယ်စပ်မှ အမွှေးကိုဆွဲ၍နှုတ်၏။ လက်ထဲမှ လက်ဖက်ရည် ချိုင့်ဖြင့် စိန်မြင့်၏ခေါင်းကို တဒေါင်ဒေါင်မြည်အောင်ခေါက်၏။
စိန်မြင့်ကား တအားအား တအီးအီး အော်ညည်းလျက် . . ။
* * * * *
ခြွေရံဆင်မြင်း၊ဗိုလ်ခပင်းကြောင့်၊မင်းတို့အမျက်အူးဟူးထွက်၏။
လိုက်ဖက်ဆေးဝါး၊မန္တန်အားကြောင့်၊သမားအမျက်ဟူးဟူးထွက်၏။
ထက်အောက်ဆန်စုန်၊ တောင်ပံဟုန်ကြောင့်၊ဂဠုန်အမျက် ဟူးဟူးထွက်၏။
* * * * *
ထိုရပ်ကွက်ကလေးမှာနေစဉ်က အဲသည် “တရားမရ၊မျက်ဒေါသ” လင်္ကာကို ကျွန်တော် ထပ်မံဖြည့်စွက် ရေးသားဖြစ်ခဲ့ပါသေးသည်။
“ပွဲစားနှစ်ယောက်၊လျှာရှည်ပေါက်ကြောင့်၊ဖင်ကောက် အမျက်ဟူးဟူးထွက်၏”
(ဆက်လက်ဖော်ပြပါမည်)
မင်းခိုက်စိုးစန်